Get Mystery Box with random crypto!

ကျနော် ၊ ပုဏ္ဏက နဲ့ သိပ္ပံ (၁) ================= | Thurein


ကျနော် ၊ ပုဏ္ဏက နဲ့ သိပ္ပံ (၁)
=================

ကျနော်ငယ်ငယ်က သတ္တိရှိတယ် ပြောမလား မိုက်တယ်ပြောမလားမသိ တော်ရုံတန်ရုံ အကြောက်အလန့်မရှိတဲ့ စာရင်းဝင် တယောက်ဖြစ်ပါတယ် ။

နောက်ပြီး ငယ်စဥ်ကတည်းက စာပေါင်းစုံဖတ်ခဲ့ရပြီး တော်ရုံနဲ့ ယုံကြည်မှုမပေးတတ်ပဲ သိပ္ပံနဲ့ အကျိုးအကြောင်း ညီညွှတ်အောင် ချိန်ညှိပြီးမှ လက်ခံယုံကြည်လေ့လည်း ရှိပါတယ် ။ ဒါကြောင့်လည်း ပတ်ဝန်းကျင်က စကားကပ် လူကပ်အဖြစ် အသိအမှတ်ပြုကြတာပေါ့ဗျာ ။

အဲလိုသာ ဟိုဟာမယုံ ဒီဟာမယုံ ဖြစ်ခဲ့ရတာ ထူးခြားတာတွေ ၊ သိပ္ပံနည်းကျ တွေးမရတာတွေလည်း ကိုယ်တွေ့ကြုံခဲ့ရတာ အများအပြားရှိခဲ့တာပေါ့လေ ။

ကျနော့်အိမ်က နှစ်ထပ်အိမ်ဆိုပေမယ့် အပေါ်ထပ်မှာ အခန်းဖွဲ့မရှိပဲ ကျနော်တယောက်ထဲ နေပါတယ် ။ အဲဒီအချိန်မှာ ဘာထူးဆန်းတာ တွေ့ရသလဲဆိုတော့ သစ်သားကြမ်းခင်းပေါ်မှာ ဖန်ထွေလုံး လှိမ့်တဲ့အသံ နေ့နေ့ညည ကြားရလေ့ရှိပါတယ် ။

ကျနော်တယောက်ထဲ ကြားရတာ မဟုတ်ဖူးနော် အောက်ထပ်က အမေတို့လည်း ကြားရတာပဲဗျ ။ အမေကဆို မကြီးမငယ်နဲ့ တယောက်ထဲ ဖန်ထွေလုံးပစ်နေတာလား ခဏခဏမေးတယ် ။

အသံသာကြားရတယ် ဘာမှလည်းမမြင်ရဘူးဗျ ။ အိပ်ချင်ယောင်ဆောင်ပြီး ခေါင်းမြီးခြုံထဲက ချောင်းကြည့်လည်း မမြင်ရပေါင်ဗျာ ။ ထူးထွေပြီးတော့ ကြောက်လန့်တာ မရှိဘူးဗျ ။

အဲဒါ ၉ တန်း ၁၀ တန်းကျောင်းသားအရွယ်တုန်းက သိပ္ပံနည်းကျ စဥ်းစားမရတဲ့ အဖြစ်အပျက်ပါပဲ ။ အဲဒီနောက် ဘာမှ ထူးခြားမှုမတွေ့ရပဲ ရပ်စောက်မြို့မှပဲ ထူးဆန်းတာတွေ ထပ်ကြုံရပါတယ် ။

ဇော်ဂျီကွက်သစ် ချင်းတွင်းလမ်းမှာ အိမ်ငှားနေတုန်းကပါ ။ ပထမတော့ သစ်ထုတ်ရာငီမှာ ကုမ္ပဏီက အလုပ်သမားတွေ သစ်ကားသမားတွေနဲ့ တရုန်းရုန်းဆိုတော့ မထူးခြားပါဘူး ။ သစ်ထုတ်ရာသီပြီးတော့ ကျနော်တယောက်ထဲပဲ ကျန်တဲ့အချိန်မှာ ထူးခြားလာပါတယ် ။

ပထမတချက်က ည ၁၀ နာရီထိုးခါနီးရင် လမ်းမကြီးဘက်ရှိ တံတားမိုးချောင်းကူးတံတားကနေ ခွေးတွေအူလာပါတယ် ။ ကျနော်တို့လမ်းဘက်ချိုးလာပြီး အိမ်ရှေ့ကနေ အူသွားကြပါရော ။ ခဏနေရင် ကျနော့်အိမ်တံခါး တဒေါက်ဒေါက်နဲ့ ခေါက်သံကြားရပြီး တံခါးကို အပြင်က ဆွဲဖွင့်သံ ကြားရပါတယ် ။

အသံကြားလို့ ထဖွင့်ကြည့်လိုက် ဘယ်သူမှ မရှိဘူးဗျ ။ တနေ့တညတည်း ဖြစ်နေတာ မဟုတ်ဖူးနော် ။ ညစဥ် အချိန်မှန် ဖြစ်နေတာဗျ ။ ညဥ့်နက်လာရင် ခေါင်မိုးပေါ်ကို လမ်းလျှောက်နေသလို ခဲတွေကျလာသလိုလို အသံတွေ ကြားရတတ်ပါသေးတယ် ။

ဒီလိုအသံလောက်တော့ ကျနော်က မကြောက်တတ်တော့ ပြဿနာမရှိဘူးဗျ ။ နဘမ်းလာလုံးရင်တော့ ထွက်ပြေးမိမလားမသိဘူးလေ ။

အနေကြာလာတော့ ခွေးအူသံကြားပြီဆိုတာနဲ့ အိမ်ရှေ့တံခါးကို ဖွင့်ထားပြီး '' နားညီးတယ်ကွာ ဝင်ချင်ဝင် ထွက်ချင်ထွက် စောက်ဇယားလာမရှုပ်နဲ့ '' ဆိုပြီး ပြောလိုက်တယ် ။ အံမယ် တံခါးဖွင့်ထားတော့ OK တယ်ဗျ ဘာသံမှ မကြားရတော့ဘူး ။

မြို့ခံအိမ်နီးခြင်းတွေက ကျနော့်ကို အံ့သြနေကြတယ် ။ သူတို့သိထားကြတာက ဒီအိမ်ကြီးက သရဲခြောက်လို့ ဘယ်သူမှ ငှားမနေရဲဘူးတဲ့ ။ မိသားစုနဲ့နေကြတာတောင် လန့်ပြီးထပ်မငှားရဲကဘူးတဲ့ ။ ကျနော်က တ​ယောက်ထဲ နှစ်ရှည်နေရဲလို့ အံ့သြတယ်ဆိုပဲ ။

တကယ်လည်းကြောက်တတ်သူဆို မနေဝံ့လောက်ပါဘူး ။ ဒီလိုဖြစ်နေတာ အသံတွေကြားနေတာ ကျနော်တယောက်ထဲကြားရတာလားဆိုတော့လည်း မဟုတ်ဖူးဗျ ။ ရံဖန်ရံခါလာတဲ့ သစ်သမားဧည့်သည်တွေလည်း ကြားရတာပဲလေ ။

ကျနော်မရှိရင် သူတို့ချည်းဆို ဘယ်တော့မှ ညမအိပ်ရဲကြတဲ့အထိ အသံဗလံတွေ ကြားနေရတာကိုး ။ အသံကြားရတဲ့ အဆင့်ကနေ တဆင့်တက်လာပြန်တယ်ဗျ ။

ဧည့်သည်ရောက်လာတော့ သူက ကြက်သားကာလသားချက် ချက်စားကြစို့ဆိုပြီး ချက်ပါရော ။ နှစ်ယောက်ထဲစားတော့ ဘယ်ကုန်မလဲ ဟင်းပန်းကန်လုံးကြီးတလုံးစာ အပြည့် ပိုနေရော ။
အဲဒါနဲ့ စားပွဲပေါ်မှာ တင်ပြီး အုပ်​ဆောင်းအုပ်ထားတာပေါ့ ။

စားပိုးနင့်အောင်စားပြီး တရေးတောင်မနိုးဘူး လင်းမှ နိုးတယ် ။ မျက်နှာသစ်တော့ မီးဖိုခန်းထဲက ထမင်းစားစားပွဲမှာ ငူငူကြီးထိုင်နေတဲ့ ဧည့်သည်ကိုတွေ့ပါရော ။ ဟေ့လူဘာလုပ်နေတာလဲ ဆိုတော့ ဟာ ညက ခင်ဗျား ထမင်းထစားသေးလားတဲ့ ။ မစားပါဘူး အခုမှ နိုးတာဆိုတော့ သူက အုပ်ဆောင်းလှပ်ပြတယ် ။

ကာလသားချက်ပန်းကန်က ပြောင်နေပြီ အရိုးတောင်မကျန်တော့ဘူး ။ ညက ခင်ဗျားစားတယ်ထက်နေတာတဲ့ ။ ကျနော်က ကြောင်တို့ ကြွက်တို့စားမှာပေါ့ဆိုတော့ သူက ခေါင်းရမ်းတယ် ။

အုပ်ဆောင်းလည်း နေရာမပျက်ဘူး ၊ ဟင်းပန်းကန်လည်း မမှောက်ဘူး ၊ အရိုးလည်းမကျန်ဘူး အရည်လည်းပြောင်နေအောင် ဘယ်တိရိစ္ဆာန်က စားတတ်မလဲဗျ တဲ့ ။

သူပြောမှ သတိထားမိတယ် ဟုတ်သားပဲ ။ ဒါနဲ့ ခင်ဗျားသိတဲ့အတိုင်းပဲ ဟိုအသံပေး ဒီအသံပေးကောင်တွေ ဝါးသွားတာနေမှာပေါ့ လာစမ်းပါ လက်ဖက်ရည်သွားစို့ဆိုပြီး ဇတ်လမ်းဖြတ် ခေါ်ခဲ့ရဖူးတယ်ဗျ ။

ဒီလိုကြုံခဲ့ရပြီး ကျနော်တည်း နေသခိုက်မှာပဲ ခုံတွေလဲကျတာတို့ ၊ ပန်းအိုးပြုတ်မကျပဲ ကွဲသွားတာတို့ ခဏခဏ ကြုံရတယ်ဗျ ။ ဒီကြားထဲမှာ အင်မတန် ထူးခြားတာတခု ထပ်တွေ့လိုက်ရတာက ကျနော့်ခေါင်းကို ထူပူသွားအောင် စဥ်းစားရခက်သွားရပါတယ် ။