🔥 Burn Fat Fast. Discover How! 💪

ရင်ထဲထည့်ထားမှ အောင်မြင်မယ် ========================= | Thurein


ရင်ထဲထည့်ထားမှ အောင်မြင်မယ်
=========================

စစ်သူကြီး မဟာဗန္ဓုလဟာ ရာထူးငယ်ဘဝကတည်းက စစ်ချီ စစ်တက် နဲ့ စစ်မြေပြင် မြေပုံတွေကို သူ့ဆီမှာ စုဆောင်းထားပြီး ငါသာ စစ်သူကြီးဆိုရင် ဒီစစ်ပွဲကို ဘယ်လိုတိုက်မလဲ ဆိုတဲ့ တွေးဆချက်တွေ နဲ့ အမြဲလေ့လာ အားထုတ်ခဲ့သတဲ့ ။ သူလည်း တကယ်စစ်သူကြီး ဖြစ်လာရော ပြောစမှတ်ပြုရတဲ့ စစ်ဆင်ရေးသမိုင်းကောင်းတွေ ရေးထိုးနိုင်ခဲ့တာပေါ့ ။

ဒီလိုပါပဲ ကျနော်တို့လည်း ငယ်စဥ်အချိန်တုန်းက ကာတွန်းအောင်ရှိန်တို့ရဲ့ ကာတွန်းလေးတွေဖတ်ပြီး ငါသာ ဦးစိတျတိုဆျုရငျ မျောက်ညိုကို ဘယ်လို ဖမ်းမှာ ၊ ငါသာ တီထွင်ပါရဂူ ဖိုးဆိတ်ဖြူဆိုရင် ဘာတွေ တီထွင်မှာ ၊ ငါသာ ဦးရှံစားဆိုရင် လူဆိုးကို ဘယ်လို ဖမ်းမှာ အစရှိသရွေ့တော့ စိတ်ကူးမိသူတွေ ချည်းပါပဲ ။

ကျနော်တို့ရဲ့ ငယ်စဥ်က စိတ်ကူးကောင်းလေးတွေဟာ ကြီးပျင်းတဲ့အချိန်ထိ ပါမလာနိုင်ကြပဲ လောကဓံမုန်တိုင်းတွေကြားမှာ ပျက်ပြယ်ကုန်ကြတာလည်း မနည်းမနောပါပဲ ။ ဒါက ပြဿနာမရှိလှပါဘူး ။ သို့သော်...

ဒီလိုမျိုး ''ငါသာ'' ဆိုတဲ့ အတွေးမျိုးနဲ့ အမြဲတမ်း ကြိုတွေးထားသင့်တဲ့ လူတန်းစားကတော့ သပ်သပ် ရှိနေပါတယ် ။ ဥပမာ ကျောင်းဆရာဆိုရင် ငါသာ ကျောင်းအုပ်ကြီး ဖြစ်ခဲ့ရင် ကျောင်းရဲ့ ရုပ်ပိုင်း ၊ စိတ်ပိုင်း ဆိုင်ရာတွေ ဖွံ့ဖြိုးတိုးတက်ဖို့ ဘာတွေ ပြုပြင်မလဲ ဆိုတာမျိုး ပေါ့ ။

ဒီလိုပါပဲ မိမိသာ အထက်အဆင့်ဆင့်တက်လှမ်းခဲ့ရင် အောက်ခြေက ကိုယ်တိုင်ကြုံခဲ့ရတဲ့ ပြဿနာတွေကို ဘယ်လို ဖြေရှင်းရင် ပြေလည်နိုင်မလဲဆိုတဲ့ ကြိုတင်တွေးဆချက်တွေနဲ့ ကြံစည်ဖြေရှင်းနေကြရပါမယ် ။

နောက်ဆုံး မိမိဌာနရဲ့ ညွှန်မှူး ၊ ညွှန်ချုပ်မှသည် ဝန်ကြီး အဆင့်ထိ ရည်မှန်းပြီး လေ့လာကြံစည်နေရပါမယ် ။ ဝန်ကြီးသည်ကား နိုင်ငံရေးရာထူး ဖြစ်သည့်အားလျှော်စွာ ဒုဝန်ကြီးအဆင့်တော့ဖြင့် ရည်မှန်းချက်ထားနိုင်ကြရပါမယ် ။

ဝန်ကြီးအဆင့်သို့ ရုတ်ချည်းရောက်လာတဲ့ နိုင်ငံရေးရာထူးနေသည်လည်း အရေးကြီးဆုံးနေရာဖြစ်ပါတယ် ။ သို့သော် တင်ပြထားသကဲ့သို့ ကြိုတင်စိတ်ကူးနိုင်ခြင်း မရှိသော ဌာနသို့ ရောက်ရှိနိုင်ခြေ များလှပါတယ် ။

ဒါပေမယ့် ဝန်ကြီးအဆင့်ဟူသည်ကား တောင်ထိပ်မှ ကြည့်ခွင့်ရထားသူဖြစ်ပါတယ် ။ အချိန်တိုအတွင်း သိလိုသည်များအား လေ့လာပြီး ခြုံငုံသုံးသပ်နိုင်စွမ်း အာဏာပါဝါ ရရှိထားသူဖြစ်ပါတယ် ။ အဲဒီရာထူးအတွက်တော့ မိမိနှလုံးသားထဲမှာ မိမိလုပ်ငန်းအတွက် နေရာပေးထားဖို့ပဲ လိုအပ်ပါတယ် ။

ဥပမာ သာသနာဝန်ကြီး ဆိုပါစို့ ။ သူသည် မြန်မာပြည်မှာ သေချာပေါက် ဗုဒ္ဓဘာသာ ဖြစ်မည်ဆိုတာ မလွဲပါဘူး ။ ဒီတော့ ငါတို့ သာသနာမှာ သံဃာတွေ နည်းပါးနေပြီ ငါ ဘာလုပ်ပေးရမလဲ ဆိုတာမျိုး ကြံဆရပါ့မယ် ။

ဘုန်းကြီးကျောင်းတွေမှာ ကျောင်းသား ကိုရင် များလာစေဖို့ အစပျိုးရပါ့မယ် ။ နွေရာသီမှာ ဘုန်းကြီးကျောင်းတွေထဲ ကလေးတွေအတွက် သူတို့ စိတ်ဝင်စားမယ့် အပျော်သင်တန်းလေးတွေ ဖွင့်ပေးမယ် ။ ကိုရင်ဝတ်မယ်ဆိုရင် မုန့်ဖိုး တရက်ဘယ်လောက် ဆိုတာမျိုး စဥ်းစားသင့်ပါပြီ ။

နောက်တမျိုးက မိဘမဲ့ ကလေးတွေကို စနစ်တကျ သာသနာဘောင်အတွင်း ရောက်နိုင်အောင် ပျော်ရွှင်အောင် ဝန်ကြီးဌာနကနေ ဘယ်လို ကူညီပံ့ပိုးမလဲ ဆိုတာမျိုး တွေးထားကြရပါတော့မယ် ။

ရဟန်းခံ ရှင်ပြုပွဲတွေ နဲ့ အခြား ဒုလ္လဘ တွေမှာပဲ ဖြစ်စေ တပတ်သာသနာ့ဘောင် ဝင်လျှင် မိသားစုသုံး လျှပ်စစ်မီတာ ယူနစ် ဘယ်လောက် ဖြေလျော့ပေးမယ် (သာသနာရေး ဝန်ကြီးဌာ မှ စိုက်ထုတ်ပေးရန်) ဆိုတာမျိုး ၊ ပညာရေးလောကမှာ ဦးဇင်းဝတ်နှင့် ဖြေဆိုသင်ကြားလျှင် ဘွဲ့ရသည်အထိ အလုံးစုံ အခမဲ့ စနစ်မျိုးတွေ တွေးတောကြံစည် လုပ်ကြရပါမယ် ။

အခြား အခြား သော ဌာနဆိုင်ရာများသည်လည်း ဤသို့ပင် ဆိုင်ရာ ဆိုင်ရာ တိုးတက်ဖြစ်ထွန်းမှုများ အတွက် ကြံစည်တွေးခေါ် ထားကြရပါမယ် ။

ယခုတော့ ဝန်ထမ်းအများစု ကြံစည်နေကြတာက ဦးစီးမှူးဖြစ်ရင် ဘယ်ဂွင်က ဘယ်လောက်ရမယ် ၊ ညွှန်မှူးဆိုရင် ဘယ်မြို့ကို ဘယ်လောက် ရအောင် ညှစ်ရမယ် ၊ ညွှန်ချုပ်ဆိုရင် ဝန်ကြီးကို လိမ်ပြီး ဘယ်လိုဝါးမယ် ၊ ဝန်ကြီးဆိုရင် ညွှန်ချုပ်ဂိုက်လိုင်းအတိုင်း မျှောလိုက်ပြီး ဘက်ဂျက်တင်တောင်း ပို့ဆွမ်း စားရမယ် ဆိုတဲ့ အတွေးတွေနဲ့ လုပ်စားနေကြတဲ့ ကာလ ကြာရှည်ခဲ့ပါပြီ ။

မိမိတို့ရဲ့ ရင်ထဲမှာ တိုင်းပြည်အတွက် ၊ အမျိုးသား အကျိုးစီးပွားအတွက် ဟူသော စိတ်ထားမျိုး မထားနိုင်သေးသရွှေ့ ဒီလူ ဒီမူ နဲ့ မောင်းနှင်နေအုံးမယ့် နိုင်ငံတော် ယန္တယားကြီးဟာ ငါ့ သား ၊ ငါးမယား ကောင်းစားရေး မူတွေရဲ့အောက်မှာ စုံးစုံးမြှပ်ကျဆုံးနေရအုံးမှာပါပဲ ။

ဒီလိုမျိုး အဆိုးကျော့ သံသရာကြီးအား တိကနဲ ဖြတ်ချနိုင်ဖို့ဆိုတာ မဲမျှော် နိုင်ငံရေးသမားများ အုပ်စိုးတဲ့ အချိန်ဆိုရင် မဖြစ်နိုင်ပါဘူး ။ သို့သော် မဲ မလိုတဲ့ ယခုလို စစ်အုပ်ချုပ်ရေးကာလမှာတော့ ခေါင်းဆောင်တယောက် ပြတ်သားစွာ ဆုံးဖြတ်လုပ်ကိုင်ရဲမယ်ဆိုရင် အဆိုးကျော့ သံသရာကြီးအား တိကနဲ ဖြတ်ချနိုင်မယ့် အချိန်အခါကောင်း ဖြစ်နေပါတယ်လို့ အသိပေးချင်ပါတယ် ဗျာ ။

ကိုရွှေမျိုးဝင်း