🔥 Burn Fat Fast. Discover How! 💪

လျှပ်စစ်တာဝါတိုင်ပြင်ဆင်ရန်သွားသည့် လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းတ | သံတော်ဆင့် 2

လျှပ်စစ်တာဝါတိုင်ပြင်ဆင်ရန်သွားသည့် လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းတစ်ဦးအပါအဝင် (၂၆)ဦး လွိုင်ကော်-မိုးဗြဲကားလမ်းတွင် ဖမ်းဆီးခံရ

- ဧပြီ ၂၃
လျှပ်စစ်တာဝါတိုင်ပြင်ဆင်ရန်သွားသည့် လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းတစ်ဦးအပါအဝင် စုစုပေါင်းဝန်ထမ်း (၂၆) ဦးသည် ဧပြီလ ၂၂ ရက် နံနက် ၇ နာရီခန့်တွင် လွိုင်ကော်-မိုးဗြဲကားလမ်းတွင် ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံသတင်းအရင်းအမြစ်များက NP News ကိုပြောကြားသည်။

ကယားပြည်နယ်အတွင်းရှိ လောပိတ-ရွှေမြို့မဟာဓာတ်အားလိုင်းမှ ပျက်စီးနေသည့် တာဝါတိုင်များ ပြင်ဆင်ရန်အတွက် မဟာဓာတ်အားလိုင်းမှူးရုံး(သာစည်)မှ လျှပ်စစ်ကျွမ်းကျင်(၁)ဦးစိုးသန်း အပါအဝင် ဝန်ထမ်း (၂၆)ဦးသည် FUSO ကရိန်းယာဉ်ဖြင့် သွားရောက်ခဲ့ကြောင်း သိရသည်။

ထိုသို့သွားရောက်စဉ်အချိန်တွင် လွိုင်ကော်-မိုးဗြဲကားလမ်း၊ လွိုင်ကော်မြို့ ကုန်းသာရွာအနီးတွင် လက်နက်ကိုင်ဆောင်ထားသူ ၅ ဦးခန့်မှ ကားတစ်စီးဖြင့် နောက်မှလိုက်ပါလာကာ လျှပ်စစ်ဝန်ထမ်းများကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့က လျှပ်စစ်ဝန်ထမ်း (၂၆) ဦးဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ တစ်စုံတစ်ရာထုတ်ဖော်ပြောဆိုထားခြင်းမျိုး မရှိသေးပေ။

ပြီးခဲ့သည့် လများအတွင်းကလည်း ကယားပြည်နယ်၊ လွိုင်ကော်၊ မိုးဗြဲတို့တွင် နစက၏ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံ PDF ပူးပေါင်းအဖွဲ့များအကြားတိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားမှုများရှိခဲ့သည်။

ထို့အတူ ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်က ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်တရားသူကြီးနှင့် နမ့်ဆန်မြို့နယ်တရားသူကြီးအပါအဝင် (၉)ဦးသည် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(TNLA)၏ ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံခဲ့ရသည်။

ကျောက်မဲခရိုင်တရားသူကြီး ဦးမောင်မောင်အေး အပါအဝင် (၉)ဦးသည် ကျောက်မဲမြို့မှ နမ့်ဆန်မြို့ရှိ တရားရုံးသို့ ကားဖြင့်သွားရောက်စဉ်အချိန်တွင် တောင်မရွာအနီး လမ်းခွဲအရောက်တွင် TNLA လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

#NPnews