🔥 Burn Fat Fast. Discover How! 💪

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ လက်ကောက်ဝတ်အထက်မှ ပြတ်တောက်သွားသောလက | ZYH News

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ လက်ကောက်ဝတ်အထက်မှ ပြတ်တောက်သွားသောလက်အား ပြန်လည်ဆက်ပေးသည့် ခွဲစိတ်ကုသမှုအောင်မြင်
===================================

နေပြည်တော် ဧပြီ ၃၀

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ဧပြီ ၁၄ ရက်တွင် လက်ကောက်ဝတ်အထက်မှ ပြတ်တောက်သွားသော လက်အား ပြန်လည်ဆက်ပေးသည့် ခွဲစိတ်ကုသမှုကို အောင်မြင်စွာ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

လူနာမှာ ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်တွင် နေထိုင်သည့် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူဖြစ်ပြီး ဧပြီ ၁၄ ရက် မွန်းလွဲ ၃ နာရီတွင် ဓားဖြင့်ခုတ်ခံရခြင်းကြောင့် ဘယ်ဘက်လက်၏ လက်ကောက်ဝတ်အထက်မှ ပြတ်တောက်သွားသည့် ဒဏ်ရာ (Amputated Left Forearm)ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ အဆိုပါနေ့ ညနေပိုင်းတွင် ပြတ်တောက်သွားသော လက်နှင့်အတူ ရောက်ရှိလာရာ သက်ဆိုင်ရာ ဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများမှ လိုအပ်သော အရေးပေါ်ပြုစု ကုသမှုများ ပြုလုပ်ပေးခြင်း၊ လက်ပိုင်းဆိုင်ရာ ခွဲစိတ်ကုသမှု အထူးကု ဆရာဝန်ကြီးများထံ အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်ပြီး ပြတ်တောက်သွားသော လက်ပြန်လည်ဆက်နိုင်ရေးအတွက် လိုအပ်သော စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်၍ အရေးပေါ်ခွဲစိတ်ခန်းဝင်ရန် ပြင်ဆင်ခဲ့ကြောင်း။

ခွဲစိတ်ကုသမှုကို ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှ လက်ပိုင်းဆိုင်ရာ ခွဲစိတ်ကုသမှုပါရဂူဘွဲ့သင်တန်းသား ဒေါက်တာ ဖြိုးမောင်မောင် ဦးဆောင်သည့် လက်ထောက်ဆရာဝန်(အရိုး) ဒေါက်တာမောင်မောင်လွင်၊ ဆေးပညာဘွဲ့လွန်(အရိုး) သင်တန်းသား ဒေါက်တာမင်းသူ၊ ဒေါက်တာဟိန်းပြည့်အောင်၊ မေ့ဆေးအထူးကု ဆရာဝန် ဒေါက်တာထွန်းထွန်းနိုင်နှင့် အထက်တန်းသူနာပြု ဒေါ်မေသူရတို့ ပါဝင်သောအဖွဲ့က ဧပြီ ၁၄ ရက် ည ၇ နာရီ မိနစ် ၅၀ မှ စတင်ဆောင်ရွက်ခဲ့ရာ ဧပြီ ၁၅ ရက် နံနက် ၁ နာရီခွဲတွင် ခွဲစိတ်ကုသမှု ပြီးဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါလူနာ၏ လက်မှာ ခွဲစိတ်ပြီးချိန်မှစတင်၍ သွေးကြောများ ဖြည်းဖြည်းချင်း ပြန်လည်လှည့်ပတ်စီးဆင်းလာပြီး ဧပြီ ၂၅ ရက်မှစတင်၍ အကြောအဆစ်ရောဂါကု ပညာဌာန ပြင်ပလူနာဌာနတွင် လေ့ကျင့်ခန်းများ လုပ်ဆောင်ခဲ့ပြီး ဧပြီ ၂၉ ရက်တွင် ဆေးရုံမှ ဆင်းခွင့်ပြုပြီးဖြစ်သည်။

ဤကဲ့သို့ ပြတ်တောက်သွားသောလက်ကို ပြန်လည်ဆက်ပေးသည့် ခွဲစိတ်ကုသမှု ဆောင်ရွက်နိုင်ရန် ဦးစွာ ပြတ်တောက်သွားသည့်လက်ကို Normal Saline (သို့မဟုတ်) ရေကျက်အေးနှင့် ဆေးကြောရမည်။ ထိုသို့ ဆေးကြောသန့်စင်ပြီးပါက သန့်ရှင်းသည့် ပလတ်စတစ်အိတ်ဖြင့် ထုပ်ပိုးရမည်။ (ဖြစ်နိုင်ပါက ပလတ်စတစ် အိတ်ထဲတွင် Normal Saline စိမ်ထားသော ပိုးသတ်ထားသည့် ပတ်တီးစ အကြီးဖြင့်စည်း၍ ထည့်ပေးပါ)။ ထို့နောက် ရေခဲပုံးထဲသို့ ထည့်၍ ဆေးရုံသို့ သယ်ဆောင်လာရမည်ဖြစ်ကြောင်း၊ လက်စတင်ပြတ်တောက်သည့် အချိန်မှ (၄) သို့မဟုတ် (၆)နာရီအတွင်း လက်ပိုင်းဆိုင်ရာ ခွဲစိတ်ကုသမှုအထူးကု ဆရာဝန်ကြီးများရှိရာ ဆေးရုံကြီးများသို့ ရောက်ရှိပါက အကောင်းဆုံးဖြစ်ကြောင်း သိရသည်။

Source - သတင်းစဉ်