Get Mystery Box with random crypto!

ဆိုင်ကလုန်းမုန်တိုင်း“မိုခါ”(MOCHA)ကို အနီရောင်အဆင့် သတ်မှတ်၊ | Mizzima

ဆိုင်ကလုန်းမုန်တိုင်း“မိုခါ”(MOCHA)ကို အနီရောင်အဆင့် သတ်မှတ်၊ ရခိုင်ကမ်းရိုးတန်း စစ်တွေမြို့အနီးမှ ဖြတ်ကျော်နိုင်
====================

KMN
(မဇ္ဈိမ) ။ ။ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Extremely Severe Cyclonic Storm) “မိုခါ”(MOCHA)သည် မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်း စစ်တွေမြို့(Sittwe)အနီးမှ အားအလွန်ကောင်းသောအဆင့်ဖြင့် ဖြတ်ကျော် နိုင်သည့်အတွက် အနီရောင်အဆင့်သတ်မှတ်ကြောင်း
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့၊ မေလ ၁၃ ရက်၊နံနက်ပိုင်းတွင် ထုတ်ပြန်သည်။

အဆိုပါ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Extremely Severe Cyclonic Storm) “မိုခါ” (MOCHA)သည် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်ပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့တို့ကြား စစ်တွေမြို့အနီးမှ မေလ ၁၄ ရက်နေ့၊ နေ့လယ်ပိုင်းတွင် အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) “မိုခါ” (MOCHA)အနေဖြင့် ဖြတ်ကျော်ဝင်ရောက်နိုင်သည်။

ထို့နောက် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးဆီသို့ အားကောင်းသောဆိုင်ကလုန်း မုန်တိုင်း(Severe Cyclonic Storm) “မိုခါ”(MOCHA)အနေဖြင့် ဆက်လက်ရွေ့ လျားနိုင်သည်ဟု
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားသည်။

ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အလွန့်အလွန်အား ကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Extremely Severe Cyclonic Storm) “မိုခါ”(MOCHA)သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ အနောက်-အနောက်မြောက်ဘက် ရေမိုင်၂၆၀ မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ အနောက်-အနောက် တောင်ဘက် ရေမိုင် ၃၀၅ မိုင်ခန့်၊ စစ်တွေမြို့၏ အနောက်တောင်ဘက် ရေမိုင် ၃၅၀ မိုင်ခန့်အကွာတွင် ယနေ့ မနက်ပိုင်း၌ တည်ရှိနေသည်။

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Extremely Severe Cyclonic Storm)“မိုခါ”(MOCHA)၏အရှိန်ကြောင့် ယနေ့နံနက်မှ မေလ ၁၅ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊‌ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည် နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်သည်။

စစ်ကိုင်းတိုင်းဒေသ ကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည် နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် နေပြည်တော်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်းသိရသည်။

ဆိုင်ကလုန်းမုန်တိုင်း(Extremely Severe Cyclonic Storm)“မိုခါ”၏အရှိန်ကြောင့် ရခိုင်ပြည်အတွင်းက စစ်တွေ၊ ကျောက်ဖြူ၊ မောင်တော၊ ရသေ့တောင်၊ မြေပုံ၊ ပေါက်တော၊ မာန်အောင်စသည့် မြို့နယ် ခုနစ်ခုကို အနီရောင်အဆင့် သတ်မှတ်လိုက်ကြောင်း အာဏာသိမ်းစစ်ကောင်စီ၏ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ယမန်နေ့၊ မေလ ၁၂ ရက်နေ့ ညနေပိုင်းက သတိပေးထုတ်ပြန်ထားသည်။

စစ်တွေမြို့၊ ကျောက်ဖြူမြို့၊ တောင်ကုတ်မြို့၊ မအီစသည့်မြို့များတွင် Storm Surge လို့ ခေါ်သည့် မုန်တိုင်းဒီလှိုင်းအမြင့်ကို သတိပြုသင့်ကြောင်း မိုးလေဝသခန့်မှန်းသူ ဦးဝင်းနိုင်က ယနေ့ နံနက်ပိုင်းတွင် ပြောကြားထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#မိုးလေဝသ
#MOCHA
#ဘင်္ဂလားပင်လယ်အော်
#ဆိုင်ကလုန်းမုန်တိုင်း
#စစ်တွေမြို့