Get Mystery Box with random crypto!

​​တန့်ဆည်တွင် စစ်တပ်လှည့်ကင်းကားကို တိုက်ခိုက်မှု ၂ဦးသေဆုံးဟုဆ | Mizzima

​​တန့်ဆည်တွင် စစ်တပ်လှည့်ကင်းကားကို တိုက်ခိုက်မှု ၂ဦးသေဆုံးဟုဆို
=================

MTO

(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့တွင် စစ်တပ်လှည့်ကင်းကားကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးပြီး ကားတစ်စီး သိမ်းဆည်းနိုင်ခဲ့ကြောင်း တန့်ဆည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့ ဇူလိုင်လ ၂၄ရက်နေ့နံနက်က ကားသုံးစီးဖြင့် ကင်းလှည့်လာသည့် စစ်ကောင်စီတပ်ဖွဲ့အား တန့်ဆည်မြို့ သုသာန်အနီး၌ အနီးကပ်သွားရောက်ပစ်ခတ်ခဲ့ခြင်းဟု တန့်ဆည်မြို့နယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံက မဇ္ဈိမကို ပြောသည်။

“တန့်ဆည်မြို့ သင်္ချိုင်းကုန်းနားမှာ ကားတွေရပ်ပြီး ပြည်သူတွေကို စစ်ဆေးရေးလုပ်တာပေါ့ဗျာ။ အဲ့ဒါ ကို သတင်းရလို့ ပကဖ ရဲဘော်တွေ သူတို့ ရှိတဲ့ နေရာအနားထိကပ်ပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ တာ” ဟု၎င်းက ပြောသည်။

အလစ်အငိုက်တိုက်ခိုက်ခံလိုက်ရသည့် စစ်ကောင်စီတပ်ဖွဲ့သည် ပြန်လည်ပစ်ခတ်နိုင်ခြင်းမရှိဘဲ ကားများကို မောင်းနှင်ထွက်ပြေးသွားစဉ် မတ်တူးကားတစ်စီးကျန်ခဲ့သည်ဟု သိရသည်။ ကျန်ခဲ့သည့်အဆိုပါကားကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကသိမ်းဆည်းခဲ့သည်။

တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးပြီး‌ နောက် ကျန်စစ်ကောင်စီတပ်ဖွဲ့ဝင်များထွက်ပြေးသွားခဲ့သည်ဟု တန့်ဆည်မြို့အခြေစိုက် Myanmar Defense Force -Taze -Tigerမှ တာဝန်ခံတစ်ဦးကပြောသည်။

" စစ်တပ်ဘက်က နှစ်ဦးသေတာ ဟုတ်ပါတယ်။ ကားတစ်စီးသိမ်းနိုင်တာလည်းကြားပါတယ်" ဟု Myanmar Defense Force -Taze -Tigerမှ တာဝန်ခံကဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ယခုရက်ပိုင်းအတွင်း တန့်ဆည်မြို့ပေါ်တွင် စစ်ဆေးမှုများ ပိုမ်ိုပြလုပ် လာနေပြီး လူငယ်အချို့ကို အကြမ်းဖက်ဖမ်းဆီးခြင်းများရှိနေသည်ဟု သိရသည်။

“ အခုရက်ပိုင်း အစစ်အဆေးကြမ်းလာတယ်။ ယောက်ျားလေးတွေဆို ဖမ်းဆီးပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာ တွေရှိလာတယ်” ဟု တန့်ဆည်မြို့နယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံက ပြောသည်။

တန့်ဆည်မြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင်လ ၁၅ရက်က စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်ဟု သိရသည်။ ဇူလိုင်လ ၁၇ရက်အထိ စစ်ရေးတင်းမာခဲ့ပြီး စစ်ကောင်စီတပ်က သပြေရင်းရွာ၊ ပဲဇင်းကြီးရွာနှင့်ခရမ်းခြံရွာတို့ကို လေကြောင်းမှ တိုက်ခိုက်ခဲ့သည်ဟု Myanmar Defense Force -Taze -Tigerမှ တာဝန်ခံကပြောသည်။ လတ်တလော၌ စစ်ကြောင်းမရှိဘဲ စစ်ရေးအခြေအနေလည်း ငြိမ်သက်နေကြောင်း တန့်ဆည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

စာတည်း - မောင်ကြီး
#mizzima
#တန့်ဆည်မြို့
#စစ်တပ်လှည့်ကင်းကား
#တိုက်ခိုက်ခံရ

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U