Get Mystery Box with random crypto!

​​ကရင်နီပြည်နယ်သို့ အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီတပ်နှင့် က | Mizzima

​​ကရင်နီပြည်နယ်သို့ အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးပူးပေါင်းအဖွဲ့များ တိုက်ပွဲ ဖြစ်ပွားနေ
==============

001

(မဇ္စျိမ)။  ။ကရင်နီပြည်နယ်သို့ အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ကာကွယ်ရေးပူးပေါင်း အဖွဲ့တို့ကြား ဖယ်ခုံ-လွိုင်ကော်လမ်းမကြီးတလျှောက် ထိတွေ့တိုက်ပွဲများဖြစ်ပွားနေကြောင်း ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်(KNDF)ထံမှ သိရသည်။

စစ်ကောင်စီသည် ကရင်နီပြည်နယ်အတွင်းသို့ ဇူလိုင်လဒုတိယပတ်မှစ၍ တပ်အင်အားဖြည့်တင်းနေခြင်း ဖြစ်ပြီး ရှမ်းပြည်ဘက်မှတဆင့် ဖယ်ခုံမှ လွိုင်ကော်ဘက်သို့ ယာဉ်တန်းဖြင့် အင်အားဖြည့်တင်းခြင်းနှင့် ခြေလျင်စစ်ကြောင်းထိုးခြင်းများ ပြုလုပ်နေသည်ဟု KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးဌာနမှတာဝန်ရှိ သူတဦးက ပြောသည်။

“ထိုးစစ်ဆင်ဖို့လည်း ဖြစ်နိုင်တယ်။ မြေပြင်တိုက်ပွဲတွေမှာ သူတို့အားနည်းသွားလို့ ပြန်ဖြည့်တာမျိုးလည်း ဖြစ်နိုင်တယ်”ဟု ၎င်းကပြောသည်။

လက်ရှိတွင် ဖယ်ခုံ-လွိုင်ကော် လမ်းပိုင်း၊ ဖယ်ခုံမြို့နယ်၊ ခေါင်းအိကျေးရွာအုပ်စုနှင့် ဒီးမော့ဆိုမြို့နယ်တို့ တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲငယ်များဖြစ်ပွားနေကြောင်း သိရသည်။

“ဒီတရက်၊ နှစ်ရက်လေကြောင်းနဲ့ ဗုံးကြဲတာမျိုးမရှိပေမယ့် တောက်လျှောက်တော့ လေယာဉ်၊ ရဟတ် ယာဉ်နဲ့ သွားတာမျိုးတွေရှိပါတယ်”ဟု KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ရှိသူကပြော သည်။

ထို့ပြင် ယနေ့ ဇူလိုင်လ ၂၄ ရက်နေ့တွင်လည်း စစ်ကောင်စီက ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့ နယ်မှ ဖယ်ခုံဘက်သို့ စစ်ကားအစီးရေ ၈၀ ဖြင့် အင်အားဖြည့်တင်းလာကြောင်း ဖယ်ခုံ PDF တပ်ရင်း (၁၀၀၂) ထံမှ သိရသည်။

“ဒီမနက်ပဲ ဒီတကြောဖုန်းလိုင်းကတော့ မရှင်းဘူး။ မြို့ထဲနေတဲ့လူက ပေးလာတာ ဖယ်ခုံမြို့နယ်ကို အစီး ၂၀ တက်သွားတယ်။ မိုးဗြဲဘက်ကို ၂၀ ဆင်းသွားတယ်။ အခုထပ်ရထားတဲ့ သတင်းအရ နောက်ကား အစီး ရေ ၄၀ က ထပ်ဆင်းလာနေတယ်လို့ ပြောလာတယ်” ဟု ဖယ်ခုံ PDF တပ်ရင်း (၁၀၀၂)မှ တာဝန်ရှိသူတဦး က ပြောသည်။

ကရင်နီပြည်နယ်တွင် စစ်ရေးတင်းမာနေသည့်အတွက် လွိုင်ကော်-မိုးဗြဲ၊ လွိုင်ကော်-ဆီဆိုင် လမ်းမကြီး တလျှောက် ကားကြီးများဖြတ်သန်းသွားလာခြင်းမပြုရန်နှင့် ကားငယ်များအနေဖြင့်လည်း အရေးပေါ်ကိစ္စ မှလွဲ၍ အသွားအလာမပြုကြရန် KNDF က တားမြစ်ထားသည်။

စစ်ကောင်စီတပ်ဖွဲ့က တွဲကား၊ ဆယ်ဘီးကားစသည့်ကားကြီးများအသုံးပြုပြီး အင်အားဖြည့်တင်းနေသည့် အတွက် ကားကြီးများဖြတ်သန်းသွားလာမှုကိုတားမြစ်ထားခြင်းဖြစ်ကြောင်း KNDF တာဝန်ရှိသူက ဆို သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်နေ့ကလည်း မိုးဗြဲ-လွိုင်ကော်လမ်းမကြီးအတိုင်း ဆင်းလာသည့် စစ်ကောင်စီ လက်‌အောက်ခံ တပ်မ (၅၅) ကို ဖယ်ခုံ PDF တပ်ရင်းအမှတ် (၁၀၀၆) နှင့် KNDF တပ်ရင်း (၃) တို့က ကြား ဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ထိခိုက်မှုရှိခဲ့ကြောင်း ဖယ်ခုံ PDF က ထုတ်ပြန်ထား သည်။

ကရင်နီပြည်နယ်တွင် အာဏာသိမ်းချိန်မှစ၍ ၂၀၂၃ ခုနှစ် ဇွန်လကုန်အထိ တိုက်ပွဲပေါင်း ၇၂၀ ကျော် ဖြစ် ပွားခဲ့ပြီး နေအိမ် ၁,၆၀၀ ကျော် ပျက်စီးကာ အရပ်သားသေဆုံးသူ ၃၆၀ ကျော် ရှိကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု(PKPF)က ထုတ်ပြန်ထားသည်။

စာတည်း။   ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#ကရင်နီပြည်နယ်
#KNDF
#စစ်ကောင်စီတပ်
#တိုက်ပွဲဖြစ်ပွား

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U