Get Mystery Box with random crypto!

အစောပိုင်းကာလမှာ Facebook က ခွင့်ပြုခဲ့ပေမယ့် ခုချိန် မရတော့ပါ | Mratt's Channel

အစောပိုင်းကာလမှာ Facebook က ခွင့်ပြုခဲ့ပေမယ့် ခုချိန် မရတော့ပါဘူး။ ‘ကမ္ဘာအနှံ့က လူအချင်းချင်း ချိတ်ဆက်ဖို့အတွက်’ လို့ဆိုထားတဲ့ Facebook က အပျော်အပါး၊ အတင်းအဖျင်းနဲ့ အညှီအဟောက်တွေကိုသာ ပုံမှန်အားဖြင့် လက်ခံပါတယ်။ လက်ရှိ ကျနော်တို့ နေ့စဉ် ရင်ဆိုင်နေရတဲ့ အနိဌာရုံတွေဟာ သူ့ ပလက်ဖောင်းအတွက် အဆင်ပြေမနေပါဘူး။
.
ပြီးခဲ့တဲ့ ၃ လလောက်က စပြီး တော်လှန်ရေးစာမျက်နှာတွေနဲ့ PDF စာမျက်နှာတွေက တင်တဲ့ ဓာတ်ပုံ၊ ဗီဒီယိုတွေ ဆက်တိုက် ဖြုတ်ချခံနေရပါတယ်။ တချို့စာမျက်နှာတွေကတော့ အနီရောင်ထိပြီး စာမျက်နှာကို ပိတ်ပစ်မယ်ဆိုတဲ့အထိ သတိပေးခံရပါတယ်။
.
မြန်မာလူထုနဲ့ စာဖတ်ပရိသတ်ဟာ သတင်းနဲ့ ဆက်သွယ်ရေး အတွက် Facebook ကိုပဲ အဓိက အားထားလေတော့ Facebook ရဲ့ ကန့်သတ်မှုတွေကြောင့် တော်လှန်ရေးစာမျက်နှာတွေက သူတို့ပြောချင်တာကို မပြောရတာ၊ မပြရတာက အတော်ကို ‘ထိ’ ပါတယ်။
.
နေ့စဉ် သတ်ဖြတ်မီးရှို့ခံနေရတာကို မပြောရင် တခြား ပြောစရာအကြောင်းလည်း မရှိပါဘူး။ ဒါပေမယ့် Facebook ဟာ ရီစရာ ဟာသ၊ အပျော်အပါးနဲ့ အညှီအဟောက်ကိုပဲ ခွင့်ပြုလေတော့ ဘယ်လိုမှ မတတ်နိုင်ကြ။
.
တချို့ စာမျက်နှာတွေဟာ Follower ၅ သောင်းကျော်၊ တချို့ ၁ သိန်းရှိကြတော့ ပိတ်ပစ်ခံရရင် ဒါမျိုး ထပ်ရအောင်လုပ်ဖို့ မလွယ်ပါ။ ပြဿနာက လက်ရှိအတိုင်းလည်း 'ပျံ့နှံ့မှု' တွေ လျှော့ချခံနေရတော့ ထောက်ပံ့ငွေ ကောက်ခံရေး၊ ကိုယ့်အဖွဲ့ရဲ့ သတင်းစကား ပျံ့နှံ့ရေး ထိခိုက်လာပါတယ်။
.
တော်လှန်ရေး စာမျက်နှာတွေအတွက် ကျနော် စဉ်းစားမိတာ တစ်ခုရှိပါတယ်။ ကိုယ့်မှာရှိနေပြီးသား Facebook စာမျက်နှာကို ‘စာနဲ့ ရေးထားတဲ့ ထုတ်ပြန်ချက်တွေ တင်ဖို့အတွက်’ ပဲ အဓိက အသုံးပြုကြဖို့ပါ။
.
သွေးသံရဲရဲ ဓာတ်ပုံတွေ၊ သတ်ဖြတ်မှုတွေ၊ လက်နက်တွေ၊ အမြောက်တွေ၊ ကျည်ဆန်တွေ Facebook မှာ တောက်လျှောက်တင်နေရင် အကြီးအကျယ် ပြဿနာတက်ပါလိမ့်မယ်။ နောက်ဆုံး စာမျက်နှာ ပိတ်ပစ်ခံရပါလိမ့်မယ်။ အချိန်ယူပြီး လုပ်ထားတာတွေ အားလုံး သဲထဲရေသွန် ဖြစ်ပါလိမ့်မယ်။
.
ကိုယ့် မစ်ရှင်၊ တိုက်ပွဲ၊ စစ်ကောင်စီဘက်က သေဆုံးအလောင်း၊ ကိုယ့်ဘက်က ကျဆုံးမှု၊ ဓာတ်ပုံ၊ ဗီဒီယို စသည်ဖြင့် ထုတ်ပြန်ဖို့အတွက် Telegram Channel တစ်ခု ထောင်ပါ။ Facebook မှာ စာရေးပြီး Comment မှာ ကိုယ့် Telegram ကို ညွှန်းပေးပါ။ အဲ့ဒီမှာ ဓာတ်ပုံ၊ ဗီဒီယိုတွေကို တင်ပါ။ စာရေးသားရာမှာလည်း ရုန့်ရင်းကြမ်းတမ်းတဲ့ အသုံးအနှုန်းတွေကို ပြီးပြီးရော မရေးကြဘဲ စကားလုံး အသုံးအနှုန်းတွေကို အထူးသတိထားဖို့ လိုပါကြောင်းခင်ဗျာ။
.
အဆင်ပြေပါစေ ရဲဘော်တို့...။