Get Mystery Box with random crypto!

ဘဝအတွက် အကျိုးရှိအောင် စာဖတ်နည်း ၁၂ ချက် 25 APRIL 2013 | BY | Review For You

ဘဝအတွက် အကျိုးရှိအောင် စာဖတ်နည်း ၁၂ ချက်

25 APRIL 2013 | BY THE VOICE JOURNAL

အဆွေ စာဖတ်တတ်တယ် ဆိုတာကို ကျွန်တော် သိပါတယ်။ ဘာလို့ဆို ရှေ့က စာကြောင်းကိုဖတ်ခဲ့ပြီး အခု ဒီစာ ကြောင်းကိုပါ အဆုံးအထိ လိုက်ဖတ်နေ လို့လေ။ ဒါက ကျွန်တော် အဓိက သိချင်တာ မဟုတ်ပါဘူး။ အဓိက အနေနဲ့ အရေးတကြီး သိချင်တာက အဆွေဟာ ဘဝအတွက် အကျိုးရှိအောင် စာဖတ်တတ်တဲ့သူ ဟုတ်သလား ဆိုတာပါ။
ဒါနဲ့ တစ်ဆက်တည်း မေးစရာလေးတွေ ဆက်တိုက်ရှိပါ သေးတယ်။ အဆွေက ဖတ်ပြီးတဲ့စာကို ဘဝမှာ အသုံးဝင်အောင် သေသေချာချာ အသုံးချတတ်တဲ့ သူလား။ သေသေချာချာ မှတ်မှတ်သားသား မဖတ်ဘဲ "ခုဖတ်၊ တော်ကြာမေ့" ဖြစ်တတ်တဲ့ သူမျိုးလား။ အဆွေဖြင့် ဒါကို ဖတ်ပြီးပါပြီဆိုပြီး တခြား သူတွေကို အရသာခံ ဂုဏ်ယူပြောဆိုဖို့ အတွက် ဖတ်တဲ့သူမျိုးလား။ အပေါ်ယံလေးတွေ လျှပ်ဖတ် မှတ်သားပြီး လေလုံးထွား သုံးသပ်ပြတတ်တဲ့ စာဖတ်သူမျိုးလား။ အဆွေ့ ဦးနှောက်ရဲ့ ပျော်ရွှင်မှု ဧရိယာလေး အတွက် စကားလုံးတွေနဲ့ အယူအဆတွေကို ပျော်ရွှင်စရာ အသုံးအဆောင် ပစ္စည်းတွေ အဖြစ် အသုံးပြုရုံ စာဖတ်တဲ့ သူမျိုးလား။
အခုမေးလိုက်တဲ့ မေးခွန်းတွေထဲက ဘယ်မေးခွန်း မဆို "ဟုတ်ကဲ့ ကျွန်တော်/ ကျွန်မက အဲဒီလိုသူမျိုးပါ" လို့ ပြန်ဖြေဖြစ် ခဲ့မယ်ဆိုရင်တောင် အရေး မကြီးလှပါဘူး။ လူအများစုကိုက ပျော်ရွှင်မှု ရဖို့အတွက် စာဖတ်နေကြတာလေ။ ဒါမဆန်းပါဘူး။ စာအုပ်တွေ အများကြီးရှိတဲ့ အထဲကနေ လူအများစုက ဆွဲထုတ် ယူဖတ်နေကြတာ တွေဟာ ဝတ္ထုတွေ ဖြစ်နေတာကို အဆွေ ကိုယ်တိုင် တွေ့ကြုံဖူးပါလိမ့်မယ်။ ဒါဆန်း သလားဆိုတော့ ဒါလည်း မဆန်းပါဘူး။ ဆန်းတာက နှစ်ရှည်လများ စာတွေဖတ်ခဲ့ပြီး ဖတ်ခဲ့တဲ့စာတွေကို ဘဝအတွက် အကျိုးရှိ အောင် အသုံးမချတတ်ခဲ့ရင် ဒါမှမဟုတ် ဘဝအတွက် အကျိုးရှိအောင် စာအုပ်စာပေ တွေကို ရွေးချယ် မဖတ်တတ် ခဲ့ရင်ပေါ့လေ။

တစ်ခါတလေ တော့လည်း အရေးကြီးတဲ့ စာအုပ်တွေကို မထင်မှတ်ဘဲ ဖတ်ခဲ့ မိတာမျိုးတွေ ဘဝမှာ ရှိကောင်းရှိနိုင်ပါ တယ်။ ဘဝနေထိုင်နည်း လက်စွဲစာအုပ်၊ စီးပွားရေး လက်စွဲ စာအုပ်၊ တစ်ကိုယ်ရေ တစ်ကာယ တိုးတက်မှု လမ်းညွှန်စာအုပ်၊ သိပ္ပံရေးရာ စာအုပ်၊ လက်ရှိ နိုင်ငံတကာ အရေးအရာတွေကို ဝေဖန် သုံးသပ် ပြထားတဲ့ သုတေသနကျမ်း စတာတွေပေါ့လေ။ စာအုပ်ကောင်းတွေရဲ့ အဓိက အဆုံးသတ် အကြောင်းအရာ သညာတွေကတော့ တခြား သူတွေ ဘာလုပ်ခဲ့တယ် ဆိုတာနဲ့ ကျွန်တော် တို့ ဘာဆက်လုပ် သင့်ကြတယ် ဆိုတာကို ပြညွှန်းထားတာပါ။ နယ်ပယ် ကျယ်ကျယ် ဝယ်ဝယ်အထိ ထင်ရှားအောင်မြင်နေသူ တွေဟာလည်း ဒီလို စာအုပ်မျိုးတွေကိုသာ ရွေးချယ်ဖတ်ရှုလေ့ရှိကြတာပါ။

ဒီနေရာမှာ အလျဉ်းသင့်လို့ စီးပွားရေး လမ်းညွှန်စာအုပ်တွေကို အစဉ်တစိုက် ရေးသားနေတဲ့ စာရေး ဆရာ ဆသ်ဂေါ်ဒင်ရဲ့ "စီးပွားရေး စာအုပ်တွေကို ဘယ်လိုဖတ်မလဲ" စာအုပ်ထဲက အချက်သုံးချက်ကို အကျဉ်းချုံး ဆွဲထုတ် ပြသပါရစေ။ စီးပွားရေး လမ်းညွှန်စာအုပ် တွေကို ဖတ်ပြီးရင် -
(၁) အဆွေ့ ဘဝမှာ အနည်းဆုံး အတွေ့အကြုံ အပြောင်းအလဲ သုံးခုရှိကို ရှိရမယ်။

(၂) စာအုပ်ကို ဖတ်ပြီး မှတ်စုတွေ ထုတ်မယ့်အစား "ဆက်လက် လုပ်ဆောင်ရန် စာရင်းတွေ" ကို ချရေးထား ရမယ်။

(၃) အဆွေ ဖတ်ပြီးသွားပြီဆိုရင် တခြားတစ်ယောက်ကို လက်ဆင့်ကမ်းနိုင်တဲ့ စာအုပ်မျိုး ဖြစ်ရမယ်။ ဒီသုံးချက်နဲ့ ညီမှသာ အဆွေဖတ်တဲ့ စီးပွားရေး လမ်းညွှန် စာအုပ်ဟာ စာအုပ်ကောင်းတစ်အုပ်ဖြစ် မယ်လို့ ဂေါ်ဒင်ကဆိုပါတယ်။ ဂေါ်ဒင်ရဲ့ အချက် သုံးချက်ကို ထုတ်နုတ်ပြရတဲ့ ရည်ရွယ်ချက်က ဘယ်လို နယ်ပယ် အမျိုး အစားကို ရည်ရွယ်ရေးသားထားတဲ့ စာအုပ် မျိုးမှာမဆို အခကြေးငွေ ရလိုမှု အတွက် ဖြစ်ကတတ်ဆန်း စာရေးသားသူတွေ ဒုနဲ့ ဒေး ရှိနေတတ်တာမို့ အနည်းဆုံး ဒီသုံးချက် လောက်နဲ့ တိုက်ဆိုင်မှသာ ဖတ်သူကို အကျိုးရှိစေတဲ့ စာအုပ်မျိုး ဖြစ်နိုင်ခြေ ရှိတယ်ဆိုတာကို ပြောပြချင်လို့ပါ။
စာအုပ် စာပေကို နည်းမှန် လမ်းမှန်နဲ့ အကျိုးရှိရှိ ဖတ်မှတ်တတ်အောင် ဒတ်စတင် ဝက်စ်က နည်းလမ်း ၁၂ ချက်တိတိ ရေးသား ခဲ့ဖူးတာလေး ရှိပါတယ်။ သူက ဝါရင့်စာဖတ် သမား တစ်ဦးသာမက အမေရိကန် စာရေး ဆရာ တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် ယဉ်ကျေးမှု ဆိုင်ရာ မနုဿဗေဒ ပညာရှင်၊ UNLV Barrick ပြတိုက်ရဲ့ ပစ္စည်း စုဆောင်းရေး မန်နေဂျာနဲ့ လက်ထောက် ပြတိုက်ရေးမှူးလည်း ဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်ကနေ ယခုလက်ရှိ အထိ နီဗားဒါး တက္ကသိုလ်မှာ အချိန်ပိုင်း နည်းပြဆရာ တာဝန်ကို ထမ်းဆောင်နေသူလည်း ဖြစ်ပါ တယ်။ သူရေးသားထားတဲ့ ၁၂ ချက်ကို အဆွေ့အတွက် အကျိုးရှိမယ် ထင်လို့ ဖော်ပြ ပေးလိုက်ပါတယ်။

(၁) စာညှပ်ကြိုး၊ စာညှပ်ကတ်ပြားလိုမျိုး စာညွှန်းကတ်တွေကို အသုံးပြုပါ။
အဆွေ စာဖတ် နေစဉ်မှာ တစ်ခုခု ရေးမှတ်ချင်လာရင် ဒီနည်းလမ်းက အသုံးဝင် အကျိုးရှိပါတယ်။ ကူးစရာရှိတဲ့ စာမျက်နှာ ဒါမှမဟုတ် မှန်၊ မမှန်ကို ပြန်လည် ဆန်းစစ် လိုတဲ့ အချက်အလက်တွေ ပါတဲ့ စာမျက်နှာ မျိုးတွေကို အတိုကောက်လေး စာတို့ရေးပြီး စာညွှန်းကတ်လေးနဲ့ မှတ်ထားလိုက်ရင် စာဖတ်ရှိန် မပျက်ဘဲ ဆက်ဖတ်လို့ ရတယ်လေ။ စာ တစ်အုပ်လုံး ဆုံးအောင် ဖတ်ပြီး သွားရင်တော့ အဆွေ မှတ်သားထားခဲ့တဲ့ စာညွှန်းကတ်လေးတွေ အတိုင်း အဆွေ လုပ်ချင်တာကို စိတ်အေး လက်အေး လုပ်လို့ ရပြီပေါ့။